တောင်ပြုန်း အဆက်အနွယ် နတ်များ
ပုဂံခေတ် အနော်ရထာမင်းကြီး လက်ထက်တွင် ရွှေဖျဉ်းညီနောင် မှာ နတ် ဖြစ်ပြီး အပြင် (၃၇) မင်း နတ်များ စာရင်းတွင် ပါဝင်ခဲ့သည်။ ထိုခေတ် အချိန်အခါက ရွှေဖျဉ်းညီနောင် နှင့် တစ်ဆက်တည်း နတ် ဖြစ်ကုန်သော နတ်အနွယ်တော်များ ရှိခဲ့သေးသည်။ ၎င်းနတ်များကို လူအများ ကိုးကွယ်ပူဇော်နေကြသေးသည်။ ထိုနတ်များသည် အပြင် (၃၇) မင်း နတ်များစာရင်းတွင် မပါဝင်သောလည်း ကိုးကွယ်မှုခံယူနေကြရသော နတ်အနွယ်များ ဖြစ်သည်။
ရွှေဖျဉ်းညီနောင် တို့နှင့် အဆက်အနွယ်ဖြစ်ပြီး လူအများ၏ ကိုးကွယ်မှုခံရသော နတ်အနွယ် (၉) ပါး ရှိသည်။ ၎င်းတို့မှာ -
၁။ ပုပ္ပားမယ်တော် (မယ်ဝဏ္ဏ)
၂။ မယ်ခေမာ (ခေါ်) ခင်မသာ နတ်
၃။ တောင်တော်သခင်မ (မရွှေဥ)
၄။ မစောခင်နတ်
၅။ မောင်ရင်မောင်နတ်
၆။ နို့ထိန်းမယ်တော်နတ်
၇။ နှမတော်နတ်
၈။ စာရေးတော်ကြီးနတ်
၉။ ဂူတော်ရှင်မနတ် တို့ ဖြစ်ကြသည်။
၁။ ပုပ္ပားမယ်တော် (မယ်ဝဏ္ဏ)
မောင်ဗျတ္တ ၏ ဇနီးဖြစ်သူ ပန်စားဘီလူးမ မယ်ဝဏ္ဏ သည် မောင်ဗျတ္တ ရာဇဝတ်သင့်၍ အသတ်ခံရပြီးနောက် သူ၏ သားနှစ်ဦးဖြစ်သော ရွှေဖျဉ်းကြီး ရွှေဖျဉ်းငယ် တို့ကို အနော်ရထာမင်းကြီး မှ မင်းအမိန့်ဖြင့် ခေါ်ဆောင်သွားရာ ရင်ကွဲနာကျ လွမ်းဆွတ်၍ သေဆုံးပြီးနောက် နတ် ဖြစ်သည်။ တောင်ပြုန်း ၌ အလွန်ထင်ရှားသော နတ် ဖြစ်သည်။
၂။ မယ်ခေမာ - ခင်မသာနတ်
မယ်ခေမာ ကို ခင်မသာနတ် ဟု ခေါ်သည်။ ပုဂံပြည် ပုဏ္ဏားအမတ်၏ သမီးမယ်ခေမာ ကို ပုပ္ပားမယ်တော် က ချစ်သဖြင့် လိပ်ပြာနှုတ်၍ ခေါ်ယူထားရာ သမီးအမှတ်မွေးစားထားသည် ဟု ဆိုကြသည်။ အချို့သူများက ပုပ္ပားမယ်တော် ၏ အခြွေအရံ ဟု ဆိုသည်။
၃။ တောင်တော်သခင်မနတ် - မရွှေဥ
တောင်ပြုန်းနယ် ၊ အင်ကျယ်ရွာသူကြွယ်တစ်ဦး ၏ သမီး မရွှေဥ ဖြစ်သည်။ တောင်ပြုန်းရွာသား သစ်ကုန်သည် မောင်ရင်မောင် နှင့် အကြောင်းသင့်၍ တောင်ပြုန်းရွာသို့ လိုက်လံနေထိုင်စဉ် မောင်ရင်မောင် အထက်မဲဇာအရပ်သို့ သစ်ဖောင်သွားချနေချိန်၌ တောင်ပြုန်းမင်းကလေး ရွှေဖျဉ်းငယ် က မေတ္တာရှိရာ မေတ္တာမပြန်သဖြင့် ကျားနှင့်တိုက်သတ်၍ သေသောအခါ နတ် ဖြစ်သည်။
၄။ မစောခင်နတ်
မစောခင်နတ် သည် ရှမ်းတိုင်းရင်းသူ ဖြစ်သည်။ မိုင်းလုံမြို့ မှ အင်ကျယ်ရွာသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ မရွှေဥ ၏ သူငယ်ချင်း အတိုင်ပင်ခံနတ် ဟု ခေါ်ဆိုကြသည်။
၅။ မောင်ရင်မောင်နတ်
အထက်မဲဇာအရပ်သို့ သစ်ဖောင်မျှောသွားရာမှ အပြန် တောင်ပြုန်းရွာအရောက်တွင် မရွှေဥ ကို တောင်ပြုန်းမင်းကလေးက ကျားနှင့် တိုက်သတ်ကြောင်းကို ကြားရ၍ ကျားချီသွားစဉ်အခါက မရွှေဥ ၏ ခါးစီးသဘက် ကျန်ရစ်ခဲ့သောနေရာနှင့် သားတစ်များ ကျကျန်ရစ်ခဲ့သော နေရာနှစ်ခုအကြားတွင် ရင်ကွဲနာကျ၍ သေဆုံးကာ နတ် ဖြစ်သည်။
၆။ နို့ထိန်းမယ်တော်နတ်
ရွှေဖျဉ်းညီနောင်နှစ်ပါး ၏ နို့ထိန်းတော် ဖြစ်သည်။ တောင်ပြုန်းအရပ်တွင် မင်းနှစ်ပါး ကွပ်မျက်ခံရကြောင်း ကြားမိသဖြင့် ရင်ကွဲနာကျပြီး သေရာမှ နတ် ဖြစ်သည်။
၇။ နှမတော်နတ်
နို့ထိန်းမယ်တော် ၏ သမီး ဖြစ်သည်။ ငယ်စဉ်အခါက ရွှေဖျဉ်းညီနောင် တို့နှင့် နို့စို့ဘက် ဖြစ်သည်။ မယ်တော် နှင့် မောင်တော်များ သေဆုံးမှုကို စိတ်မကောင်း လွမ်းဆွတ်ပြီး ရင်ကွဲနာကျကာ သေ၍ နတ် ဖြစ်သည်။
၈။ စာရေးတော်ကြီးနတ်
လူ့ဘဝတွင် ရွှေဖျဉ်းညီနောင်တို့နှင့် အတူနေထိုင်ခဲ့သူ ဖြစ်သည်။ ရွှေဖျဉ်းညီနောင်တို့၏ အရေးကိစ္စမှန်သမျှကို စာရင်းအင်း ရေးမှတ်ပေးရသူ ဖြစ်သည်။ (၉)ကျောင်းဒါယကာစာရေးတော်ကြီး ဦးသာနိုး ဟု ခေါ်ကြသည်။ သူ၏ ဇနီး မှာ မဘို့မယ် ဖြစ်သည်။ လောင်းကစား နှင့် သောက်စားမူးယစ်နေတတ်သူ ဖြစ်သည်။
ဦးသာနိုး သည် ရွှေဖျဉ်းညီနောင် နှင့် ရော၍ ကွပ်မျက်ခံရရာမှ သေဆုံး၍ နတ် ဖြစ်သွားသည် ဟု ဆိုကြသည်။
၉။ ဂူတော်ရှင်မနတ်
ဂူတော်ရှင်မနတ် သည် မန္တလေးဘိုးတော် ၏ နှမထွေး ဖြစ်သည်။ ဘိုးတော် နှင့် နှမကြီး ရှင်ကွ တို့ မန္တလေးအရပ်တွင် ကွပ်မျက်ခံရပြီးနောက် လွမ်းဆွတ်ကြေကွဲ၍ သေဆုံးရကာ နတ် ဖြစ်သည်။
အထက်ဖော်ပြထားသော နတ် (၉) ပါးသည် အနော်ရထာမင်းကြီးလက်ထက် ရွှေဖျဉ်းညီနောင်တို့နှင့် တစ်ဆက်တည်း နတ် ဖြစ်ကြသော်လည်း အပြင် (၃၇) မင်း နတ် စာရင်းတွင် မပါဝင်ခဲ့ပေ။
Photo Credit to Owners.
Written by KnowLedgeWave.
Comments
Post a Comment