(၃၇) မင်း နတ်များအကြောင်း (အပိုင်း-၄)

 


အပြင် (၃၇)မင်း နတ်များအကြောင်းကို အပိုင်း (၁) ၊ အပိုင်း (၂) နှင့် အပိုင်း (၃)  တို့တွင် ဖော်ပြခဲ့ပြီး ဖြစ်ရာ ကျန်သည့် နတ်များ အကြောင်း ကို ဆက်လက်ဖော်ပြပေးသွားပါမည်။ ယခုအပိုင်းသည် အပြင် (၃၇) နတ်တပါးချင်းစီ ၏ အကြောင်းအရာများကို ဖော်ပြမည့် နောက်ဆုံးအပိုင်းလည်း ဖြစ်ပါသည်။


 ၂၅။    မောင်ဖိုးတူနတ်



မောင်ဖိုးတူနတ် သည် ပင်းယမြို့သား လက်ဖက်ကုန်သည် ဖြစ်သည်။
အင်းဝပထမမင်းခေါင် (၇၆၃ - ၇၈၃) လက်ထက် ဝန်တင် နှင့် မိုးမိတ် ၊ သီပေါမြို့သို့ အရောင်းအဝယ်လုပ်၍ အပြန်လမ်းတွင် လက်ဖက်ကုန် တင်လာရာ လမ်း၌ ကျားကိုက်သဖြင့် ကွယ်လွန်ပြီး နတ် ဖြစ်သည်။


၂၆။     အနောက်မိဘုရားနတ်



အနောက်မိဘုရားနတ် သည် အင်းဝပထမမင်းခေါင် ၏ အနောက်ဆောင်မိဘုရား ဖြစ်သည်။ အင်းဝမြို့အနောက်ဘက် ဝါခင်း သို့ မောင်းမတော်များနှင့် အပျော်အပါးသွားရာတွင် မီးဖွားပြီးချိန် သွေးနုသားနုဖြစ်ချိန်၌ မင်းကျော်စွာနတ်ကြီး မြင်းစီးလာသည်ကို မြင်တွေ့မိသဖြင့် သတိလစ်မေ့မျောသွားရာ ကံကုန်ပြီး နတ် ဖြစ်သည်။
နတ်ရုပ်တု ထုလုပ်ရာတွင် အခြားနတ်များနှင့်မတူ သားငယ် ကို ပွေ့ပိုက်ပြီး နို့ချိုတိုက်ကျွေးနေဟန် ထုလုပ်ရသည်။

၂၇။    အောင်ပင်လယ်ဆင်ဖြူရှင်နတ်



အောင်ပင်လယ်ဆင်ဖြူရှင်နတ် သည် အင်းဝပထမမင်းခေါင် ၏ သားတော် သီဟသူမင်း (၇၈၃ - ၇၈၇) ဖြစ်သည်။
အောင်ဘောင်စော်ဘွား အား တိုက်ခိုက်ရာ အောင်ပင်လယ်အရပ် ၌ မြားထိမှန်၍ ဆင်ဦး တွင် အနိစ္စရောက်ရာမှ နတ် ဖြစ်လေသည်။


၂၈။    ရှင်ကုန်းနတ်


ရှင်ကုန်းနတ် သည် အောင်ပင်လယ်ဆင်ဖြူရှင် နတ် ဖြစ်သော အင်းဝ သီဟသူမင်းကြီး ၏ ကိုယ်လုပ်တော် ဖြစ်သည်။ အောင်ပင်လယ် မှ ပြန်ရာ အင်းဝ သို့ အရောက်တွင် ကွယ်လွန်ရာမှ နတ် ဖြစ်သည်။

၂၉။    ရွှေနော်ရထာနတ်



ရွှေနော်ရထာနတ် သည် အင်းဝဘုရင် ဒုတိယမင်းခေါင် ၏ မြေး ဖြစ်သည်။ ဘထွေးတော် ရွှေနန်းကြော့ရှင် လက်ထက် ရွှေနော်ရထာ ၏ ကျွန် ငသောကြာ ပုန်ကန်သဖြင့် ရွှေနော်ရထာ ကို မျက်တော်သင့်ကာ ရေချပြီး ကွပ်မျက်ရာမှ သေလွန်ပြီး နတ် ဖြစ်လေသည်။

၃၀။    မင်းရဲအောင်တင်နတ်


မင်းရဲအောင်တင်နတ် သည် အင်းဝအနောက်ဖက်လွန်မင်း ၏ သားတော် သာလွန်မင်း (၆၉၀ - ၁၀၁၀) ၏ သားမက်တော် ဖြစ်သည်။ ဘိန်း ၊ ကင်း ၊ လှော်စာအရက် အလွန်အကျူးသောက်စားမူးယစ်လွန်းသဖြင့် သေရာမှ နတ် ဖြစ်သည်။

၃၁။    မောင်မင်းဖြူနတ်


မောင်မင်းဖြူနတ် သည် အင်းဝမင်းတစ်ပါး ၏ သားတော်တပါး ဖြစ်သည်။ 
ဘိန်း ၊ ကင်း ၊ လှော်စာအရက် အလွန်အကျူးသောက်စားလွန်းသဖြင့် ကွယ်လွန်ရာမှ နတ် ဖြစ်သည်။

၃၂။    ရှင်တော်နတ်


ရှင်တော်နတ် သည် အင်းဝမင်းတစ်ပါး ၏ သားတော် ဖြစ်သည်။ ရှင်သာမဏေဘဝ တွင် မြွေကိုက်၍ သေရာမှ နတ် ဖြစ်သည်။

၃၃။    တပင်ရွှေထီးနတ်



တပင်ရွှေထီးနတ် သည် တောင်ငူဘုရင် မင်းတရားရွှေထီး (၈၉၂ - ၉၁၂) ဖြစ်သည်။
စစ်တောင်းအပိုင်စားသမိန်စောထွတ် ၏ ညီအလတ် လက်ဝဲစားမှူးက ဓားဖြင့်လုပ်ကြံ၍ ခေါင်းပြတ်ကာ အနိစ္စရောက်ရာမှ နတ် ဖြစ်သည်။

၃၄။    မြောက်ဘက်ရှင်မနတ်



မြောက်ဘက်ရှင်မနတ် သည် တောင်ငူဘုရင်တပင်ရွှေထီး ၏ အထိန်းတော် မင်းရဲသိင်္ခသူ ၏ နောက် ဇနီး ၊ မြောက်ဘက် ကတူးရွာသူ  ဖြစ်သည်။ မီးဖွားရန် မိဘရပ်ထံသို့ အပြန်၌ စစ်ကိုင်းမြို့အနောက်ဘက်တွင် သားဖွားပြီး အနိစ္စရောက်ရာမှ နတ် ဖြစ်သည်။ သားဖြစ်သူ မှာ အသက်ရှင်ခဲ့သည်။

၃၅။    တောင်ငူမင်းခေါင်နတ်



တောင်ငူမင်းခေါင်နတ် ကို နတ်လောကသားများက တောင်ငူဘုရင် ဟု ခေါ်ကြသည်။ မင်းရဲသိင်္ခသူ ၏ သားတော် ဖြစ်၍ ကိုးသိန်းသခင် ၊ ပုသိမ်သခင် ဟုလည်း ခေါ်ဝေါ်သုံးစွဲကြသည်။ ဝမ်းရောဂါကြောင့် စစ်တောင်းမြစ် ၊ ပေါင်းလောင်းမြစ်အနီးအနား၌ သွားရောက်၍ ဆေးဝါးကုသသည်။ နန်းတော်သို့ ပြန်ရောက်သောအခါ ထို ဝမ်းရောဂါဖြင့်ပင် သေဆုံးပြီး နတ် ဖြစ်သည်။

၃၆။    သံတော်ခံနတ်



သံတော်ခံနတ် သည် တောင်ငူဘုရင်မင်းခေါင် ၏ သံတော်ခံရဲဖျား ဆိုသူ မင်းအမှုထမ်းတဦး ဖြစ်သည်။
မြေတူးမြို့အနီး ပန်းခူး စေလွှတ်ရာမှ ငှက်ဖျားရောဂါ ဖြစ်သဖြင့် သေရာမှ နတ် ဖြစ်သည် ဟု ဆိုကြသည်။ အချို့ကလည်း ညဉ့်အခါ နန်းတော်တွင်း မြတ်လေးရုံပန်း ခူးနေစဉ်တွင် မြွေဆိပ်သင့်၍ သေသည်ဟု ဆိုကြပြန်သည်။

၃၇။    ယွန်းဘုရင်နတ်


ယွန်းဘုရင်နတ် သည် ဇင်းမယ်ဘုရင် ဗြသံ ဖြစ်သည်။ ခရစ်နှစ် ၉၂၁ ခုနှစ်တွင် ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင် သည် ဇင်းမယ် ကို လုပ်ကြံရာမှ ဖမ်းယူမိခဲ့၍ ချီးမြှောက်ထားရာ သွေးဝမ်းရောဂါ ကပ်ပြီး အနိစ္စရောက်ရာမှ နတ် ဖြစ်သည်။ 


အပြင် (၃၇) မင်း နတ်များ သေဆုံးကြပုံကို ခွဲခြမ်းကြည့်လျှင် - ကျား ၊ မြွေ ၊ မီး ၊ စိတ္တဇ ၊ အသေဆိုး နှင့် အကွပ်မျက်ခံရ၍ သေကာ နတ်ဖြစ်သူများ သည် "၂၃ ဦး" ရှိသည်။ အဖျားရောဂါ နှင့် သေ၍ နတ်ဖြစ်သူများ သည် "၁၁ ဦး" ရှိသည်။ ဘိန်း ၊ အရက် မူးယစ်ဆေးဝါးကြောင့် သေ၍ နတ် ဖြစ်သူများသည် "၂ ဦး " ရှိပြီး ကုဌနူနာရောဂါ ဖြင့် သေ၍ နတ်ဖြစ်သူ " ၁ ဦး " သာ ရှိသည်။

အမျိုးအစားလိုက် ခွဲခြမ်းကြမည် ဆိုပါက - ဘုရင် ၊ မင်း ၊ သိကြားမင်း သည် (၁၁) ဦး ။ မင်းသား ၊ မင်းမျိုးမင်းနွယ် သည် (၆) ဦး ။ မိဘုရား သည် (၆)ဦး ။ အမတ် နှင့် မင်းမှုထမ်း (၈) ဦး ။ ကုန်သည် နှင့် ဆင်းရဲသား (၆)ဦး တို့ ဖြစ်ကြသည်။ ဤ မှတ်တမ်းများအားလုံးကို စာရေးဆရာကြီး အမျိုးသားပညာဝန် ဦးဖိုးကျား မှ သုတေသနပြု မှတ်တမ်းထားရစ်ခဲ့ခြင်း ဖြစ်ပါသည်။

Written by KnowLedgeWave.

Comments

Popular posts from this blog

(၃၇) မင်း နတ်များအကြောင်း (အပိုင်း-၁)

ရေငန်ပိုင် ဦးရှင်ကြီး