ရေငန်ပိုင် ဦးရှင်ကြီး


 ရေငန်ဒေသ ၊ ပင်လယ်ပြင် နှင့် ရေလုပ်ငန်းများဖြင့် မကင်းကြသူများသည် ဦးရှင်ကြီး ကို ပူဇော်ပသကြသည်။ ရေငန်ပိုင်ဦးရှင်ကြီး အကြောင်းနှင့်ပတ်သက်၍ မိန်းမလှကျွန်းသည် မြစ်ဝကျွန်းပေါ်ဒေသတွင် ထင်ရှားကျော်ကြားသည်။ ရေနေသတ္တဝါ ဖြစ်သော မိကျောင်းများလည်း အလွန်ပေါသည် ဟု ဆိုကြသည်။ မိန်းမလှကျွန်းတွင် မြရာပင်များနှင့် စိမ်းလန်းစိုပြေနေပြီး ထိုကျွန်း၏ တောင်ဘက်တွင် ကျွန်းညိုကြီး ဟု အမည်ရှိသော ကျွန်းတစ်ကျွန်းလည်း ရှိသေးသည်။ ဦးရှင်ကြီး ကို အချို့က ကျွန်းညိုရှင် ဟုလည်း ခေါ်ဆိုကြသည်။

ကျွန်းညိုကြီးသည် ယခုအခါတွင်မူ လူနေအိမ်ခြေများဖြင့် စည်ကားလျက် ကျွန်းညိုရွာ ဟု ခေါ်နေကြပြီ ဖြစ်သည်။



ရာမညတိုင်း ၊ မွန်လူမျိုးများကောင်းစားစဉ်အခါက ပဲခူးနယ် ၊ စည်တီးရွာသား မောင်ရှင် သည် အသက်အရွယ်ငယ်စဉ်  ဖခင်သူကြီးဖြစ်သူ ကွယ်လွန်သွားသဖြင့် ဆင်းရဲနွမ်းပါးပြီး သူ၏ ထူးချွန်တတ်မြောက်သော စောင်းပညာဖြင့် ငွေကြေးရှာကာ မိခင်မုဆိုးမကြီး ဒေါ်ဖြူ ကို ကျွေးမွေးရသည်။

သားငယ်မောင်ရှင် ကို ရှင်သာမဏေ မဝတ်ပေးရသေးသောကြောင့် ဒေါ်ဖြူက သူမ၏ ခင်ပွန်း မကွယ်လွန်မီ ကောင်းစားစဉ်အခါက အစ်မဖြစ်သူ ဒေါ်သူ အား ငွေ (၃) ပိဿာ ချေးငှားပေးခဲ့ဖူးသည်ကို သတိရ၍ ယခုအခါ ဒေါ်သူ မှာ ကြွယ်ဝချမ်းသာနေပြီဖြစ်သောကြောင့် သားရှင်ပြုရန်အတွက် သွားရောက်တောင်းဆိုခဲ့သည်။

ဒေါ်သူ က ငွေကို မပေးသည့်အပြင် ဆဲဆိုကြိမ်းမောင်းနှိပ်စက်လွှတ်လိုက်သဖြင့် ရှက်လည်းရှက် ၊ စိတ်လည်း နာ၍ မောင်ရှင် တို့ သားအမိနှစ်ဦး  ဒလ သို့ လာရောက်နေထိုင်ကြသည်။ မောင်ရှင် သည် ရှင်သာမဏေဝတ်ရန်အတွက် ငွေကြေးရရှိအောင် လှေတစီးတွင် မျောခုတ်သမား ၊ လှေထိုးသား အဖြစ်ဖြင့် လိုက်သွားရာ မိန်းမလှကျွန်း သို့ ရောက်ခဲ့သည်။

မိန်းမလှကျွန်းတွင် ကရင်မုဆိုးမကြီး ၏ သမီး (၄) ဦးတို့သည် ကျားကိုက်ခံရ၍ သေခဲ့ရပြီး နတ်စိမ်းဘဝ ဖြင့် စောင့်ကြပ်နေကြရသည်။ မောင်ရှင် လိုက်ပါလာသောလှေသည် မိန်းမလှကျွန်းသို့ ရောက်ရှိခဲ့ပြီး မျောများခုတ်ယူနေကြစဉ် တစ်နေ့သောအခါ လှေစောင့်တာဝန်ဖြင့် မောင်ရှင်သည် နေကျန်ရစ်ခဲ့ရသည်။ ပျင်းရိသဖြင့် အပျင်းပြေစောင်းတီးခတ်ရာမှ မိန်းမလှကျွန်းစောင့် နတ်သမီးများ မှ သဘောကျနှစ်သက်ပြီး လှေပြန်ထွက်ချိန်တွင် လှေကို ပြန်လည်ထွက်ခွာမှုမပြုနိုင်အောင် နတ်အစွမ်းဖြင့် ဆွဲထားကြသည်။

လှေသူကြီးမှ မဲချ၍ လူရွေးရာ မောင်ရှင် သည် သုံးကြိမ်တိုင်တိုင် မဲကျသဖြင့် သူ့အား ရေထဲသို့ ပစ်ချကြရာ ရေထဲမရောက်မီတွင် ပျောက်သွား၍ အရှင်လတ်လတ် နတ် ဖြစ်သွားသည် ဟု ဆိုကြသည်။


(၃၇) မင်းနတ်များ တွင် မပါဝင်သော်လည်း နတ်ထိန်း ၊ နတ်ကတော်များ နတ်ကန္နားပေး၍ ပွဲပြုလုပ်သည့်အခါတိုင်း ဦးရှင်ကြီး ကို ဆွမ်းတင်မြှောက်သ ကိုးကွယ်ကြသည်။


Photo Credit.

Written by KnowLedgeWave.

Comments

Popular posts from this blog

(၃၇) မင်း နတ်များအကြောင်း (အပိုင်း-၁)

(၃၇) မင်း နတ်များအကြောင်း (အပိုင်း-၄)