(၃၇) မင်း နတ်များအကြောင်း (အပိုင်း-၁)
မြန်မာနိုင်ငံတွင် ရှေးအစဉ်အဆက်အရ (၃၇)မင်း နတ်များ ဟု အထင်အရှားရှိရာ အချို့လူများက နှစ်သက်စွာ လက်ခံကြသော်လည်း ဗုဒ္ဓတရားတော်နှင့်မညီဟု အချို့ က ဝေဖန်ရှုတ်ချကြသည်။ (၃၇)မင်း လို့ ဆိုသော်လည်း အတွင်း (၃၇)မင်း ၊ အပြင် (၃၇)မင်း ဟု ရှိပြန်သဖြင့် ယခုလူအများကိုးကွယ်နေကြသော နတ်အများစုသည် အပြင်(၃၇)မင်းနတ်များ ဖြစ်ကြသည်။
အနော်ရထာမင်းလက်ထက်မတိုင်မီတွင် အသိအမှတ်ပြုခံရသော နတ်အရေအတွက်မှာ (၃၆)မင်း သာ ရှိခဲ့သည်။ထိုစဉ်က မင်းမဟာဂီရိနတ်သည် ပထမဆုံးနတ် ဖြစ်သဖြင့် နတ်အပေါင်းတို့၏ အကြီးအကဲ ဟု သတ်မှတ်ခံခဲ့ရသည်။
အနော်ရထာမင်းလက်ထက်သို့ရောက်ရှိသောအခါ ဗုဒ္ဓဘာသာနတ်ဖြစ်သည့် သိကြားမင်း (ဦးမာဃ) ကို နတ်တို့၏ အကြီးအကဲ ၊ ပထမဆုံးနတ် အဖြစ် သတ်မှတ်ပြီး နတ်အရေအတွက်ကို (၃၇)မင်း ဟု တိုးချဲ့သတ်မှတ်ပေးခဲ့သည်။ အချိန်ကာလ ကြာမြင့်သောအခါ မူလနတ်စာရင်းများ ပျောက်ကွယ်ကုန်ပြီး နတ်အသစ်များ အစားထိုးခြင်းများ ရှိလာတော့သည်။
၁. သိကြားနတ် (ဦးမာဃ)
၂. မင်းမဟာဂီရိနတ် (ပန်းပဲမောင်တင့်တယ် ၊ အိမ်တွင်းမင်းမဟာဂီရိ)
၃. နှမတော်ကြီးနတ် (မင်းမဟာဂီရိနတ် ၏ နှမ)
၄. ရွှေနပေနတ် (နဂါးမယ်တော် ၊ မင်းမဟာဂီရိနတ် ၏ ဇနီး)
၅. သုံးပန်လှနတ် ( မင်းမဟာဂီရိနတ် ၏ နှမအငယ်ဆုံး)
၆. ရှင်နဲမိနတ် ( မနှဲလေး ၊ သုံးပန်လှနတ် ၏ သမီး)
၇. ရှင်ညိုနတ် (တောင်မကြီး ၊ မင်းမဟာဂီရိ နှင့် ရွှေနပေနတ် တို့၏ သားအကြီး)
၈. ရှင်ဖြူနတ် (မောင်မင်းရှင် ၊ မင်းမဟာဂီရိ နှင့် ရွှေနပေနတ် တို့၏ သားအငယ်)
၉. ထီးဖြူဆောင်းနတ် (အနော်ရထာမင်း ၏ ခမည်းတော် ကွမ်းဆော်မင်း)
၁၀. ထီးဖြူဆောင်းမယ်တော် (ကွမ်းဆော်မင်း ၏ မယ်တော်)
၁၁. ပရိမ္မရှင်မင်းခေါင်နတ် (ကျည်းစိုးမင်း ၊ ကွမ်းဆော်မင်း ၏ သားတော်)
၁၂. ရွှေဖျဉ်းကြီး (နောင်တော်ကြီး ၊ ဗျတ္တ နှင့် ပန်းစားဘီလူးမယ်ဝဏ္ဏ တို့၏ သားအကြီး)
၁၃. ရွှေဖျဉ်းလေး (နောင်တော်လေး ၊ ဗျတ္တ နှင့် ပန်းစားဘီလူးမ မယ်ဝဏ္ဏ တို့၏ သားအငယ်)
၁၄. မန္တလေးဘိုးတော်နတ် (ရွှေဖျဉ်းညီနောင်တို့အား ဘုရင့်အမိန့်အရ မွေးစားထိန်းသိမ်းပေးသူ)
၁၅. ရှင်ကွနတ် (မန္တလေးဘိုးတော် ၏ နှမ)
၁၆. ညောင်ချင်းအိုနတ် (မနူဟာမင်း အရေးနိမ့်သဖြင့် ပုဂံတွင် သုံ့ပန်းဖြစ်သွားသူ မွန်မင်းသား)
၁၇. မင်းစည်သူနတ် (အလောင်းစည်သူမင်းကြီး ၊ အနော်ရထာမင်း ၏ မြေးတော်)
၁၈. မင်းသားဒန်းမောင်ရှင်နတ် (အလောင်းစည်သူမင်းကြီး ၏ မြေးတော်)
၁၉. ကိုကြီးကျော် (မင်းရဲကျော်စွာနတ် ၊ ဒလမင်းကျော်စွာ)
၂၀. အောင်စွာမကြီးနတ် (နရပတိစည်သူမင်းကြီး ၏ အမတ်)
၂၁. ရွှေစစ်သင်နတ် (ပုဂံပြည့်ရှင်စောမွန်နစ် ၏ သားတော်)
၂၂. မယ်တော်ရွှေစကားနတ် (ရွှေစစ်သင်နတ် ၏ မယ်တော်)
၂၃. ငါးစီးရှင်နတ် (ပင်းယသီဟသူမင်း ၏ သားတော်)
၂၄. မင်းတရားနတ် (တရဖျားမင်း ၊ ဆင်ဖြူရှင်မင်းကြီး ၏ သားတော်)
၂၅. မောင်ဖိုးတူနတ် (ပင်းယမြို့သား လက်ဖက်ကုန်သည်)
၂၆. အနောက်မိဘုရားနတ် (မင်းတရားနတ် ၏ ခယ်မ)
၂၇. အောင်ပင်လယ်ဆင်ဖြူရှင်နတ် (မင်းတရားနတ် ၏ တူတော်)
၂၈. ရှင်ကုန်းနတ် (အောင်ပင်လယ်ဆင်ဖြူရှင်နတ် ၏ ကိုယ်လုပ်တော်)
၂၉. ရွှေနော်ရထာနတ် (မင်းတရားနတ် ၏ အမျိုးတော်စပ်သူ)
၃၀. မင်းရဲအောင်တင်နတ် (သာလွန်မင်း ၏ သားမက်တော်)
၃၁. မောင်မင်းဖြူနတ် (အင်းဝမင်းတစ်ပါး ၏ သားတော်)
၃၂. ရှင်တော်နတ် (အင်းဝမင်းတပါး ၏ သားတော်)
၃၃. တပင်ရွှေထီးနတ် (တောင်ငူဘုရင် တပင်ရွှေထီး)
၃၄. မြောက်ဘက်ရှင်မနတ် (တပင်ရွှေထီး ၏ အထိန်းတော်)
၃၅. တောင်ငူမင်းခေါင်နတ် (မင်းရဲသိင်္ခသူ ၏ သားတော်)
၃၆. သံတော်ခံနတ် (တောင်ငူမင်းခေါင်နတ် ၏ ပန်းဆက်သမား)
၃၇. ယွန်းဘုရင်နတ် (ဇင်းမယ်ဘုရင် ဗြသံ) တို့ ဖြစ်ကြသည်။
အပိုင်း (၂) ၊ အပိုင်း (၃) နှင့် အပိုင်း (၄) တို့တွင် နတ်တပါးချင်းစီ ၏ ဇာတ်များကို ဖော်ပြပေးထားပါသည်။
Written by KnowLedgeWave Team
Comments
Post a Comment