(၃၇) မင်း နတ်များအကြောင်း (အပိုင်း-၂)

 


လူအများစု လက်ခံကိုးကွယ်နေကြသော အပြင် (၃၇)မင်း နတ်များ ၏ အမည်နာမ အစဉ်လိုက် အား အပိုင်း(၁) တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ အပိုင်း (၂) နှင့် အပိုင်း (၃) ၊ အပိုင်း (၄) တို့တွင် နတ်များအကြောင်းကို အသေးစိတ်ဖော်ပြသွားပါမည်။


၁။    သိကြားမင်း




သိကြားနတ်သည် မိုး နှင့် မိုးကြိုးကို အစိုးရသည်။ လူတို့ကို ကာကွယ်စောင့်ရှောက်၍ လူတို့အပေါ် ကောင်းကျိုး ၊ ဆိုးကျိုးကို ကြည့်ကာ စီမံ စီရင်သူ ဖြစ်သည်။ 


၂။    မင်းမဟာဂီရိနတ်




မဟာဂီရိနတ် သည် တကောင်းမြို့မှ ပန်းပဲမောင်တင့်တယ် ဖြစ်သည်။ မင်းမဟာဂီရိနတ် စတင်ဖြစ်ထွန်းရာ ကာလမှာ ပုဂံခေတ် သေဉ်လည်ကြောင်မင်းလက်ထက်  (အေဒီ ၃၄၄ - ၃၈၇) လက်ထက် ဟု ဆိုသည်။ ပန်းပဲဦးတင့်တော် ၏ သား မောင်တင့်တယ် သည် "ဆင်ပြောင်ကိုပင် ချီနိုင်သည် ၊ ဆင်စွယ်ကိုပင် ချိုးပစ်နိုင်သည်" ဟု ဂုဏ်သတင်းမွှေးပျံ့ရာ တကောင်းဘုရင်သည် စိုးရိမ်သဖြင့် လိုက်လံဖမ်းဆီးသောကြောင့် ထွက်ပြေးရသည်။ 

ဘုရင်က မောင်တင့်တယ် ၏ နှမတော် ကို မိဘုရားမြှောက်၍ မောင်တင့်တယ် အား လှည့်ဖျားခေါ်ယူပြီးလျှင် စံကားပင် ၌ တုပ်နောင်ကာ ထင်းမီးပုံလျှက် ဖိုကျင်ထိုး၍ သတ်လေသည်။ ထိုအခါ မိဖုရားလည်း သူ့ကြောင့် သူ့မောင် သေရသည် ဟု ဆိုကာ မီးပုံထဲတွင် ခုန်ဆင်း၍ သေလေသည်။

ထိုမောင်နှမ သည် စံကားပင်စောင့်နတ် ဖြစ်၍ စံကားပင်အောက်ရောက်လာသော လူ ၊ ကျွဲ ၊ နွား တို့ သေကြရသည်။ ထိုစံကားပင်ကို အမြစ်ရင်းမှ တူး၍ ဧရာဝတီမြစ်တွင် မျောလိုက်သဖြင့် ပုဂံပြည်သို့ ရောက်ရှိသွားသည်။ ပုဂံသားတို့က ထိုစံကားပင်ကို ဆယ်ယူပြီးနောက် နတ်မောင်နှမရုပ်ထု ထုလုပ်ကာ ပုပ္ပားတောင်ပေါ်တွင် ထားသည်။ 

အနော်ရထာမင်း တိုင်းခန်းလှည့်လည်ချိန်တွင် မဟာဂီရိနတ် က လိုက်လံစောင့်ရှောက်သည် ဟု ရေးသားထားသည်။ ဘုရင့်နောင်မင်းတရားကြီးလက်ထက်တွင် နတ်ကိုးကွယ်မှုကို နှိပ်ကွပ်ခဲ့သဖြင့် နတ်ကိုးကွယ်မှုများမှာ အိမ်အတွင်းသို့ တဖြေးဖြေးရောက်ရှိခဲ့ရာမှ စံကားပင်နတ်ကြီး မင်းမဟာဂီရိမှာ အိမ်တွင်းနတ် ဖြစ်လာရသည်။


၃။    နှမတော်ကြီးနတ်



နှမတော်ကြီးနတ် သည် မောင်တင့်တယ် ၏ နှမ ဖြစ်သည်။ မောင်တင့်တယ်ကို ဖိုကျင်ထိုးသတ်သဖြင့် အစ်ကိုနှင့်အတူ မီးပုံတွင်း ခုန်ဆင်းရာမှ သေ၍ နတ်ဖြစ်သည်။


၄။    ရွေနပေနတ်



ရွှေနပေနတ် သည် နဂါးမျိုးရိုး ဖြစ်၍ မောင်တင့်တယ် နှင့် ပြေးလွှားနေရစဉ်တွင် ညားသည်။ ဥနှစ်လုံး ဥပြီးနောက် သေသွားသည် ဟု အဆိုရှိသည်။ ထိုဥနှစ်လုံး မှ ရှင်ဖြူ နှင့် ရှင်ညို ဟူ၍ သားနှစ်ပါး ဖွားမြင်သည်။ အချို့က ရွှေနပေနတ် ကို နဂါးမယ်တော် ဟု ခေါ်ဝေါ်ကြသည်။


၅။    သုံးပန်လှနတ်



သုံးပန်လှနတ် မှာ ပန်းပဲမောင်တင့်တယ် ၏ နှမအထွေးဆုံး ဖြစ်သည်။ တကောင်းမြို့သူ လည်း ဖြစ်သည်။ မောင်တင့်တယ်တို့ ကွယ်လွန်ချိန်တွင် ရခိုင်သို့ ရောက်ရှိကာ ရခိုင်ဘုရင်က သမီးအဖြစ် ခေါ်ယူမွေးစားပြီး ဥက္ကလာပမင်း သမိန်ထော ထံ ဆက်သခဲ့သည်။ သမိန်ထော နှင့်  ပေါင်းဖက်ရာမှ သမီး ရှင်နှဲမိ ကို ဖွားမြင်လေသည်။ တကောင်းမြို့မှ အမျိုးအဆွေများထံ လွမ်းဆွတ်သဖြင့် ပြန်လာရာ အင်းဝမြို့အနောက်ဘက် ထောင့်ရစ်ရွာတွင် ဖျားနာ၍ ကွယ်လွန်လေသည်။ (၂)နှစ်သမီးလေး ရှင်နှဲမိလည်း မိခင်ကို လွမ်းဆွေးသဖြင့် ထောင့်ရစ်ရွာ၌ ပင် ကွယ်လွန်ပြီး နတ် ဖြစ်လေသည်။


၆။    ရှင်နှဲမိနတ်



 

ရှင်နဲမိနတ် ကို လူအများက "မနှဲလေး" ဟု ခေါ်ကြသည်။ သုံးပန်လှနတ် ၏ သမီးတော် ဖြစ်သည်။ 

ရှင်နှဲမိနတ် သည် ကလေးအရွယ်သာ ဖြစ်၍ ကလေးအသုံးအဆောင်များ ထားသည်။


၇။    ရှင်ညိုနတ်



ရှင်ညိုနတ် ကို တောင်မကြီးနတ် ဟု ခေါ်ကြပြီး ပန်းပဲမောင်တင့်တယ် နှင့် ဇနီး နဂါးမရွှေနပေ တို့၏ သားအကြီး ဖြစ်သည်။ ညီငယ် မှာ ရှင်ဖြူနတ် ဖြစ်သည်။ ဒွတ္တဘောင်မင်းကြီး သည် "ခွန်အားရှိသည့် ပုဂ္ဂိုလ်နှစ်ဦးက နန်းလုမည်" ဟု ဗေဒင်ဟောကိန်း ထုတ်ခံထားရသဖြင့် ရှာဖွေလေရာ ရှင်ညို နှင့် ရှင်ဖြူ တို့ကို တွေ့လေသည်။

ညီအကိုနှစ်ဦး အား ဖမ်းဆီး၍ အချင်းချင်း လက်ဝှေ့ထိုးခိုင်းရာ အစ်ကိုဖြစ်သူ ရှင်ညို မှာ ကွယ်လွန်၍ နတ် ဖြစ်လေသည်။

နတ်ရုပ်ထု မှာ အများနှင့်မတူပဲ လက် ၆ ချောင်း ဖြင့် ထုလုပ်ရသည်။ (ယနေ့တိုင် ရှင်ညို ရှင်ဖြူ နတ်ရုပ်တုများမှာ ပုဂံမြို့ဟောင်းတွင် တည်ရှိနေသေးသည်။)


၈။    ရှင်ဖြူနတ်



ရှင်ဖြူနတ်  ကို မောင်မင်းရှင်နတ် ဟု ခေါ်ပြီး  ပန်းပဲမောင်တင့်တယ် နှင့် ဇနီး နဂါးမရွှေနပေ တို့၏ သားအငယ် ဖြစ်သည်။ ဒွတ္တဘောင်မင်းကြီး ဖမ်းဆီးပြီး အကို ဖြစ်သူ ရှင်ညို နှင့် လက်ဝှေ့ထိုးသတ်ခိုင်းရာမှ အကိုဖြစ်သူ ရှင်ညို က ဦးစွာ ကွယ်လွန်သည်။ နောင်များမကြာမီတွင် လက်ဝှေ့ထိုးရာမှ ဒဏ်ရာများကြောင့် ညီငယ် ဖြစ်သူ ရှင်ဖြူ ကွယ်လွန်ပြီး ရှင်ဖြူနတ် (သို့) မောင်မင်းရှင်နတ် ဖြစ်လာသည်။ 

ရုပ်တု ထုလုပ်ရာတွင် လက် (၆)ချောင်းဖြင့် ဟိန္ဒူနတ်ရုပ် သဖွယ် ထုလုပ်ရသည်။  (ယနေ့တိုင် ရှင်ညို ရှင်ဖြူ နတ်ရုပ်တုများမှာ ပုဂံမြို့ဟောင်းတွင် တည်ရှိနေသေးသည်။)


၉။    ထီးဖြူဆောင်းနတ်



ထီးဖြူဆောင်းနတ် သည် ပုဂံပြည့်ရှင်အနော်ရထာမင်းကြီး ၏ ခမည်းတော် ကွမ်းဆော်မင်း  ဖြစ်သည်။ ကျည်းစိုး နှင့် စုက္ကတေးမင်း တို့က ပုန်ကန်သဖြင့် ရဟန်းဝတ်ကာ ထိုရဟန်းဝတ်နှင့်ပင် အနိစ္စရောက်ရာမှ နတ် ဖြစ်သည်။


၁၀။    ထီးဖြူဆောင်းမယ်တော်



ထီးဖြူဆောင်းမယ်တော် သည် ကွမ်းဆော်မင်း ၏ မယ်တော် ဖြစ်သည်။ ပုဂံပြည့်ရှင် အနော်ရထာမင်းကြီး ၏ အဘွားတော်စပ်သူ ဖြစ်သည်။


အပိုင်း (၃) နှင့် အပိုင်း (၄) တို့တွင် ဆက်လက် ဖော်ပြပေးသွားပါမည်။


Written by KnowLedgeWave.

Comments

Popular posts from this blog

(၃၇) မင်း နတ်များအကြောင်း (အပိုင်း-၁)

(၃၇) မင်း နတ်များအကြောင်း (အပိုင်း-၄)

ရေငန်ပိုင် ဦးရှင်ကြီး